
ငရဲနိုင်ငံ
Summary
ပျားရည်လူးသည့် မင်္ဂလာဦးညကို ဖိုးထိန် ကြားရုံသာကြားဖူးသည်။
ကြားဖူးသမျှကိုအခြေခံ၍ စိတ်ကူးနှင့် ရမ်းဆပျော်ကြည့်ခဲ့ဖူး၏။ လူပြော
သူပြောဖြင့် တမ်းခဲ့မှန်းခဲ့၏။ ပျော်စရာကြီးနေမှာပဲ၊ ညဉ့်ကာလတာသည်
လွန်စွာ တိုတောင်းမှာပဲ။
ယခု ဖိုးထိန် ကိုယ်တွေ့ကြံုရပြီ။
ယနေ့ညသည် ဖိုးထိန်၏မင်္ဂလာဦးည။ ထွေးခင်၏မင်္ဂလာဦးည။
သည်မင်္ဂလာဦးညသည် သူပြောငါပြော မင်္ဂလာဦးညဆိုသည်များနှယ်
ပျော်စရာကြီးသက်သက်မဟုတ်။ အလှတေးကို အေးအေးညင်ညင်ကလေး
သီဖွဲ့သော ပျားရည်မြစ်ကလေးထဲတွင် သူတို့ကူးခတ်ကြရစဉ် လှိုင်းလုံး
တွေက တစ်လုံးပြီးတစ်လုံး၊ လေပြေမက လေပြင်းမကျသော လေကလေးက
တသဲသဲနှင့် မစဲသော ခြံရံသိုင်းဝန်းသည့်ခံစားမှု။
ထိုအခါ သူတို့အသည်းများသည် ငွေလမင်း၏ အနမ်းအရှိုက်တွင်
နွားနို့မှုန်မှုန်ဖွဲ့ကလေးများ ဆွတ်ဖျန်းနေပေသည်။ သြော်….မင်္ဂလာဦးည
ဆိုတာ လူပြောသူပြောနှင့် မတူပါကလား အစချီလျက် ထွေးခင်ကို ကျောပေး
ကာ အတွေးမျှင်တစ်စကို ဖိုးထိန် ငင်မိသည်။
ဖိုးထိန်ငင်မိသော အတွေးမျှင်တွင် မင်္ဂလာဦးည၏ လေးနက်သော
သဘောသည် ပါလာ၏။
- Books
- Others
- Burmese